ပေ့ခ်ျကိုးနှစ်ပြည့် အမှတ်တရအဖြစ် စာအုပ် ထုတ်ဖြစ်သွားပါတယ်
ပထမထုတ်ဖို့ စီစဉ်ထားတာ ဒီစာအုပ်မျိုး မဟုတ်ပေမယ့် ပေ့ခ်ျကို ချစ်ပေးကြတဲ့သူတွေနဲ့အတူ ပေ့ခ်ျက အချိန်တိုင်း ရှိနေသလို ခံစားစေချင်လို့ ထုတ်ဖြစ်သွားတာပါပဲ
ကိုယ် ကြိုက်ရာနေ့ကို သီးသန့် ရှာဖတ်နိုင်အောင် ပြက္ခဒိန်ပုံစံ စီစဉ်ထားပေးရုံပါ
ပြက္ခဒိန်တစ်ခု လုံးဝမဟုတ်ပါဘူး
ပိုစ့် ၃၆၅ ခု ပါပြီး ပေ့ခ်ျမှာတင်ပြီးသား ပိုစ့်တွေသာမက အသစ်တွေလည်း ပါပါတယ် (ရက်ထပ်နှစ်အတွက် ထည့်စဉ်းစားပြီး ဖေဖော်ဝါရီ 29 ပို့စ်လည်း ထည့်ထားပါတယ်)
အစက ၃၆၅ လို့ ပေးမယ်လို့ စဉ်းစားထားပေမယ့်
"တစ်နေ့တာရဲ့ အဆုံးမှာ" လို့ ပေးဖြစ်သွားတဲ့ အဓိက အကြောင်းရင်းကတော့ ပိုစ့်တိုင်းက တစ်နေ့တာရဲ့ အဆုံးမှာ ပင်ပန်းနေတဲ့ ကိုယ့်ကို ကြိုနေမယ့် အိမ်တစ်လုံး၊ ဖွင့်ထားမယ့် မီးသီးလေးတစ်လုံး၊ နွေးထွေးတဲ့ အိပ်ရာတစ်ခု ဖြစ်နေဖို့ စိတ်ကူးတာပါပဲ
ဒီစာအုပ်ကို motivational (ဒါမှမဟုတ်) self-help ဆိုတဲ့ genre အောက်မှာ သွင်းလို့ ရနိုင်ပေမယ့် စွမ့်ထုံးစံအတိုင်း အားတက်စရာတွေချည်းပါမှာ မဟုတ်ပါဘူး
'တစ်နေ့တာရဲ့ အဆုံးမှာ မင်းက သဘောထားကွဲလွဲသူတစ်ယောက် ဖြစ်နေရုံပါပဲ။ လူဆိုးတစ်ယောက် မဟုတ်ပါဘူး။ မင်း ရှာနေတဲ့အရာကို တွေ့ဖို့ မျှော်လင့်ပါတယ်' ဆိုတဲ့ စကားတစ်ခွန်းအတိုင်း
တစ်နေ့တာရဲ့ အဆုံးမှာ နဖူးပေါ် လက်တင်ပြီး ငါက လူဆိုးလား၊ သဘောထား ကွဲလွဲသူလား လို့ အကြီးအကျယ် အတွေးပွါးရမယ့် မေးခွန်းတစ်ခု၊
ရှာနေတဲ့ အရာကို တွေ့ဖို့ သဲလွန်စသေးသေးလေးတစ်ခု၊ ဆိုးတဲ့အရာတွေကို လုပ်မိနေလည်း လူဆိုးမဟုတ်ပါဘူးဆိုပြီး အတည်ပြုပေးမယ့် တိတ်ဆိတ်တဲ့ အသံတစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်
ဘာတွေပဲဖြစ်ဖြစ် တူညီတဲ့ ကောင်းကင်အောက်မှာ ကြိုးကြိုးစားစား နေထိုင်ကြရင်း နေသာတဲ့ နေ့တစ်နေ့မှာ စွမ်တို့ ဆုံတွေ့ကြစို့နော်